ချောဆီဘာကြောင့် သုံးသင့်လဲ ဘယ်လိုရွေးချယ်မလဲ
လိင်ဆက်ဆံရာမှာ ချောဆီက မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ချောဆီက လိင်ဆက်ဆံနေချိန် ပွန်းပဲ့ထိခိုက်တာ၊ သွေးထွက်ပြီး လိင်မှတစ်ဆင့် ရောဂါတွေ မကူးစက်စေဖို့ ကာကွယ်ပေးနိုင်တယ်။ မိန်းမကိုယ်ခြောက်သွေ့တဲ့ မိန်းကလေးတွေအတွက်လည်း အဆင်ပြေစေသလို ကွန်ဒုံးပေါက်ပြဲနိုင်ခြေကို လျှော့ချပေးတယ်။
ချောဆီကို ဒီဘက်ခေတ်မှာ စတိုးဆိုင်၊ ဆေးဆိုင်တွေအပြင် အွန်လိုင်းကနေပါ အလွယ်တကူ မှာလို့ရနေပါပြီ။ ချောဆီကို ရွေးချယ်ဖို့အတွက် သိထားသင့်တဲ့ အမျိုးအစားတွေကတော့
၁။ Water-based ချောဆီ
ရေဓာတ်ကို အခြေပြုထုတ်လုပ်ထားပြီး အဝင်အထွက်လည်းကောင်းသလို အနံ့လည်းမဆိုးဘူး။ လိင်ဆက်ဆံတဲ့အခါမှာလည်း သုံးကြသလို အမျိုးသားများ တစ်ကိုယ်ရေအာသာဖြေရာမှာလည်း သုံးသင့်တဲ့ ချောဆီအမျိုးအစားထဲမှာ ပါပါတယ်။ ရေဓာတ်ပဲ ပါဝင်တာမို့လို့ ကွန်ဒုံးပေါက်ပြဲသွားတာမျိုး မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ များသောအားဖြင့် Water-based ချောဆီတွေမှာ အရောင်မပါလို့ အိပ်ယာခင်းစွန်းပေတာတာလည်း မရှိဘူး။ မိန်းကလေးတွေအတွက်လည်း ချွဲကျိတာ၊ ယားယံတာ၊ နေရထိုင်ရခက်စေတာမျိုး မဖြစ်စေပါဘူး။
၂။ Silicone-based ချောဆီ
မကြာခဏ ယားယံခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ်ပိုင်ရှင်လေးတွေအတွက် အကောင်းဆုံးချောဆီပါ။ ဆီလီကွန်ပါဝင်မှုကြောင့် အဝင်အထွက် မဆိုးစေသလို ဓာတ်မတည့်တာ၊ ယားယံတာတွေလည်း မဖြစ်စေသလို မိန်းကလေးများ မိမိကိုယ်ကို အာသာဖြေတဲ့အခါမှာလည်း သုံးလို့ အဆင်ပြေပါတယ်။ Water-based နဲ့ကွာသွားတာကတော့ နည်းနည်းထည့်ပေးရုံနဲ့ အချိန်အကြာကြီး ခံစေလို့ လိင်ဆက်ဆံနေရင်း ခဏခဏ ချောဆီထည့်ရတာ အလုပ်ရှုပ်တယ်ထင်တဲ့ အမျိုးသားတွေတော့ ပိုကြိုက်မှာပါ။
၃။ Oil-based ချောဆီ
Silicone-based နဲ့ တူသွားတဲ့အချက်က တစ်ခါပဲ လိမ်းပေးရုံနဲ့ အချိန်အကြာကြီးခံလို့ လက်အပေမခံချင်သူတွေအတွက် အဆင်ပြေစေမှာပါ။ လိင်ဆက်ဆံဖို့ သီးသန့်မဟုတ်ဘဲ ချစ်သူနှစ်ဦး အပြန်အလှန် တယုတယ နှိပ်နယ်ပေးတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ မကောင်းတဲ့အချက်အနေနဲ့ Latex ကွန်ဒုံးတွေဆိုရင် ပေါက်ပြဲသွားနိုင်သလို အနံ့အသက်လည်း ပြင်းပြီး အိပ်ယာခင်းတွေ ပေသွားခဲ့ရင် ဖျက်ရခက်ပါတယ်။ သေချာမဆေးရင် ဘက်တီးရီးယားများ ပေါက်ဖွားနိုင်လို့ မိန်းမကိုယ်ကျန်းမာရေးအတွက်တော့ မသင့်လျော်ပါဘူး။
ခုပြောပြခဲ့တာတွေကတော့ လူကြိုက်အများဆုံး ချောဆီအမျိုးအစား (၃) မျိုးဖြစ်ပြီး Water-based နဲ့ Silicone-based ကတော့ အသုံးပြုလို့ အကောင်းဆုံး ရွေးချယ်သင့်တဲ့ ချောဆီဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ ပုံမှန် ပုရိသတို့ လက်လှမ်းမီရာ ယူတတ်တဲ့ အိမ်နောက်ဖေး၊ အိပ်ခန်းထဲက သံလွင်ဆီဘူးတွေ၊ အုန်းဆီတွေကိုတော့ Oil-based ချောဆီအဖြစ် မသတ်မှတ်ပါဘူးခင်ဗျ။
လိင်ဆက်ဆံတဲ့အခါ ချောဆီသုံးပေးခြင်းဖြင့်
- အဝင်အထွက်ကို ချောမွေ့စေတယ်
- ပွန်းပဲ့ထိခိုက်တာတွေကို သက်သာစေတယ်
- လိင်စိတ်အထွတ်အထိပ်ကို ပိုရောက်စေတယ်
- နာကျင်မှုနည်းပြီး လိင်ဆက်ဆံခြင်းရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားရစေတယ်
- အရေပြားမှိုစွဲခြင်း၊ ခြောက်သွေ့ခြင်းကို သက်သာစေတယ်
- လိင်မှတစ်ဆင့် ကူးစက်ရောဂါရနိုင်ခြေကို လျှော့ချပေးနိုင်တယ်
- အနံ့အသက်ဆိုးထွက်တာကို သက်သာစေပါတယ်။
တံတွေးကို အလွယ်တကူရနိုင်ပြီး ငွေကုန်ကြေးကျမများတဲ့ ချောဆီအဖြစ် ယောက်ျားလေးအများစု ထင်ထားကြပေမယ့် တကယ်တမ်းမှာ တံတွေးဟာ ချောဆီနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင်
- တံတွေးသုံးလိုက်တဲ့အခါ သူ့ထဲမှာပါတဲ့ အက်စစ်ဓာတ်ကြောင့် လိင်အင်္ဂါအရေပြားကို ပိုမိုခြောက်သွေ့စေတယ်
- ခံတွင်းထဲမှာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေရှိတဲ့အတွက် ပါးစပ်ကတံတွေးကနေ ပိုးတွေ လိင်အင်္ဂါတွေ ဝင်သွားနိုင်တယ်
- လိင်အင်္ဂါအရေပြားကို ပိုမိုယားယံစေတယ်
- ခံတွင်းနံ့မကောင်းသူတွေဆိုရင် လိင်အင်္ဂါမှာပါ အောက်သိုးသိုးအနံ့တွေ ဖြစ်လာစေတယ်
- ထိုးသွင်းဆက်ဆံတဲ့အခါ ပွန်းပဲ့ထိခိုက်ဖို့ ပိုလွယ်ပါတယ်။
ဒါကြောင့် ချောဆီကိုရွေးချယ်တဲ့အခါ အပေါ်မှာပြောထားခဲ့တဲ့ ချောဆီ ၃ မျိုးကိုပဲ အဓိကထားပြီး သုံးစွဲကြဖို့ အကြံပေးချင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လိင်ဆက်ဆံတော့မယ်ဆိုရင် ကွန်ဒုံးနဲ့ ချောဆီကို သေချာစနစ်တကျ သုံးစွဲဖို့ ထပ်ပြီးမှာလိုက်ပါတယ်ခင်ဗျာ။
ရေးသားသူ - ရဲမျိုးမြတ်